Sunday, August 11, 2013

ကလေး-တမူးလမ်း စိတ်ကြွဆေးပြား ကျပ်သိန်းခြောက်ရာကျော်ဖိုး ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲရှိ ကလေး-တမူးလမ်းပေါ်တွင် သြဂုတ်လ ၈ ရက်နေ့က WY ပန်းရောင် စိတ်ကြွဆေးပြား ကျပ်သိန်း ၆၅၀ တန်ဖိုးခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ခရိုင်ရဲမှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။


“မူးယစ်ဆေးနဲ့ ပတ်သက်တာတွေ ဆက်တိုက်ဖမ်းဆီးနေတော့ နေ့တိုင်းနီးပါး ဖမ်းမိပါတယ်” ဟု ၎င်းကပြောဆိုသည်။

ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်က ကလေး-တမူးလမ်းပေါ်ရှိ ကမ္မကြီးကျေးရွာအဝင်တွင် တမူးမြို့မှ ကလေးမြို့သို့ တမူးမြို့ ဈေးတန်း (၈) ရပ်ကွက်နေ ဦးမြင့်ဇော် ၄၅ နှစ် မောင်းနှင်လာသည့် Kenbo 125 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်အတွင်းမှာ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၀၀၀ ပြား၊ အလေးချိန် ၁၃,၀၀၀ ဂရမ်၊ တန်ဖိုးငွေကျပ် သိန်း ၆၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ မိုရေးမြို့နေ ဒေါ်နုတင် ၄၅ နှစ်ထံမှ ဆေးပြားတစ်ပြားလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ကျပ်သိန်း ၅၀ ပေးကာ ကျန်ငွေကို အကြွေးချန်ပြီး ဝယ်ယူခဲ့ကြောင်း၊ ယင်းဆေးပြားများကို ကလေးမြို့နယ် တောင်ပိုင်းရှိ ရေနံမှော် များသို့ ပြန်လည် ရောင်းချရန် ဖြစ်သည်ဟု စစ်ဆေးချက်အရ သိရကြောင်း ခမ်းပတ်ရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်အတွက် ဦးမြင့်ဇော်ကို ခမ်းပတ်ရဲစခန်းက မယ(ပ)၃၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တမူးနှင့် ကလေးမြို့တို့တွင် မူးယစ်ဆေးဝါး အရလွယ်သဖြင့် သုံးစွဲသူ လူငယ်များ များပြားလာကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ် စားလှယ်များထံမှ သိရပြီး မူးယစ်ဆေးဝါး အမှုများကို နေ့စဉ်နီးပါး ဖမ်းဆီးနေကြောင်း တမူးခရိုင်ရဲမှူး ဒုတိယရဲမှူး ခင်မောင်သော် က ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက်နေ့ကလည်း မူးယစ်ဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းဖြစ်သော ဆူဒိုအက်ဖီဒရင်းဆေးပြား ၆၃၀,၀၀၀၊ တန်ဖိုးကျပ်သိန်း ၆၃၀ ကို ကလေးမြို့ တာဟန်း ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကလေးခရိုင် မှုခင်းအထူးနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်လှနိုင်က ပြောကြားသည်။

မြတ် (ကလေး)
The Voice Weekly

No comments:

Post a Comment