ကျောင်းရေလောင်းအိမ်သာ အောက်ခြေအင်္ဂတေကြမ်းခင်းပြိုကျ ကျောင်းသူသုံးဦးသေ၊ ၁၂ ဦး ဒဏ်ရာရ
ရန်ကုန်- ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ၀မ်ကန်တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၌
သြဂုတ် ၉ရက် နံနက်ပိုင်းက ကျောင်းသုံးရေလောင်းအိမ်သာ ငါးခန်းတွဲနှစ်ခု၏
အောက်ခြေအင်္ဂတေ ကြမ်းပြင် ပြိုကျခဲ့ရာ ကျောင်းသူသုံးဦးသေဆုံး၍ ၁၂
ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ယင်းနေ့
နံနက် ၁၀ နာရီခွဲခန့် မုန့်စားကျောင်းဆင်းချိန်တွင် ပြိုကျခဲ့ခြင်းကြောင့်
ယခုကဲ့သို့ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များသွားရခြင်းဖြစ်သည်။
သေဆုံးသွားသူများမှာ န၀မတန်းကျောင်းသူ နှစ်ဦးနှင့် တတိယတန်းကျောင်းသူတစ်ဦးဖြစ်သည်။
“သူတို့အဆောက်အအုံကလည်း သိပ်ခိုင်မာမှုမရှိဘူးထင်ပါတယ်။ ပြီးတော့
မိုးများတာလည်းပါတယ်။ မိလ္လာကန်ပေါ်မှာ ဆောက်ထားတဲ့အိမ်သာတွေ အိပြီးပြိုကျတာ။
ကလေးတွေအကုန်ပြုတ်ကျကုန်ပြီး အုတ်ကျိုးတွေနဲ့ ထိခိုက်ကုန်တယ်။
အောက်ဆုံးရောက်တဲ့ကလေးတွေ သေကုန်တာ”ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ
တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
အဆောက်အအုံပြိုကျသည့်နေရာသို့ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသားမိဘများက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသောကျောင်းသူ ၁၂ ဦးကို ၀မ်ကန်တိုက်နယ်ဆေးရုံ၌ ကုသပေးလျက်ရှိသည်။
ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများရှိနေခြင်းကြောင့် မြေပြိုမှုအန္တရာယ်များကြုံတွေ့ရနိုင်ပြီး အထူးသတိထားရန်လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သြဂုတ် ၈ ရက်တွင် သတိပေးပြောကြားထားသည်။
No comments:
Post a Comment