Monday, August 12, 2013

မိတ္ထီလာ ကယ်ဆယ်ရေးစခန်း ညီအစ်ကိုချင်း အချင်းများရာမှ တစ်ဦး အတွင်းလူနာဖြစ်


မိတ္ထီလာခရိုင် အားကစားကွင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင် သြဂုတ်လ ၉ ရက်နေ့က ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ နှမဖြစ်သူကို ဆုံးမရင်း ညီအစ်ကို တစ်ဝမ်းကွဲချင်း စကားများ ရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးမိ၍တစ်ဦးကို အတွင်းလူနာအဖြစ် မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း အဆိုပါစခန်းရှိ မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။


ဖြစ်စဉ်မှာ သြဂုတ်လ ၉ ရက် နေ့လယ်က ခရိုင်အားကစားကွင်းတွင် နှမဝမ်းကွဲဖြစ်သော တိုးတိုးမာ၏ ဝတ်စား ဆင်ယင်မှုနှင့် ပတ်သက်၍ ခင်မောင်မျိုး (ခ) ခလီက ဝေဖန်ပြောဆိုရာတွင် သူမကအစ်ကိုဝမ်းကွဲကို မချေမငံ ပြန်လည် ပြောဆိုခဲ့၍ မိခင်ဒေါ်ချိုမာဌေးက ရိုက်နှက်ဆုံးမသည်ကို တိုးတိုးမာ၏ အစ်ကိုရင်းသူ စိုးမြတ်ထိုက် (ခ) သွာစင်က မကျေနပ်သဖြင့် ခင်မောင်မျိုး (ခ) ခလီကို ဆဲဆိုကာ အရိုးအသွား ကိုးလက်မ ပန်းရောင်လက်ကိုင်ပါ သံကတ်ကြေးဖြင့်ထိုးရာ ခင်မောင်မျိုး (ခ) ခလီ၏ လက်ဝဲလက်မောင်းနှင့် ယာဘက်ပါးတွင် ပြတ်ရှဒဏ်ရာများ ရရှိကာ ဦးခေါင်း ထိပ်ပြဲခဲ့ပြီး မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ခဲ့ရကြောင်း မိတ္ထီလာမြို့ မြို့မရဲစခန်းထံမှ သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ စိုးမြတ်ထိုက် (ခ) သွာစင်ကို အဆိုပါ မြို့မရဲစခန်းတွင် (ပ) ၂၈၅/၂၀၁၃ ပုဒ်မ ၂၉၄/ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

“အဲဒီနေ့က ကျွန်တော်တို့ရဲ့ အိဒ်အခါနေ့ဆိုတော့ ဆွေမျိုးသားချင်း အိမ်တွေကို သွားကြလာကြ ၊ နှုတ်ဆက်ကြ ဆုတောင်းကြဖို့ ဝတ်ကောင်းစားလှ ဝတ်ဆင်ပြီး ပြင်ဆင်ကြတာ ထုံးစံပါ။ မိန်းကလေးကလည်း ပြင်ဆင်မှာပေါ့ ။ ဒါကိုအစ်ကိုက ဆုံးမရာကနေ ဖြစ်သွားတာ။ စခန်းလုံခြုံရေးတွေလည်း အချိန်မီ ရောက်လာကြပါတယ်” ဟု အဆိုပါစခန်းတွင် နေထိုင်သူ ဦးဘိုင်လေးက ဆိုသည်။

ခင်မောင်မျိုး ( ခ) ခလီသည် ဆေးရုံသို့ အတွင်းလူနာအဖြစ် ရောက်ရှိလာသော်လည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံရှိ တာဝန်ကျ ဆရာဝန်တစ်ဦးက ရှင်းပြသည်။

The Voice Weekly

No comments:

Post a Comment